စကားကောင်းေြပာသည်ဆိုရာဝယ်
လူတို့သည် အကြောင်းကိစ္စများစွာဖြင့် နေ့စဉ် စကားပြောနေကြကုန်၏ ။ လူတစ်ယောက်ဘာတွင် စကားကောင်းပြောဖို့ အရေးကြီးသည်။ မိမိပြောလိုက်သော စကားတစ်ခွန်းကြောင့် အောင်မြင်မှုရနိုင်၊ ကြီးပွားတိုးတက်မှုရနိုင်သလို မဆင်မခြင်
ပြောလိုက် မိသော စကားတစ်ခွန်းကြောင့် အသက်ဆုံးရှုံးနိုင်၊ ရန်အမုန်းပွားနိုင်သည် ကိုလည်း သတိပြုသင့်ပေသည်။ စကားပြောကောင်းသူသည် လူချစ်လူခင်ပေါများ နိုင်၏။ နှုတ်ချို သျှတစ်ပါး ဆိုသကဲ့သို့ စကားပြောချိုသာပါက လူချစ်ခင်စေသော ပီယဆေးသဖွယ်ဖြစ်၏။ စကားပြောကောင်းခြင်းနှင့် စကားကောင်းပြောခြင်းသည် မတူပါချေ။ စကားပြောကောင်းခြင်း၌ နားထောင်သူကြိုက်ဖို့ ပဓာနဖြစ်သည်။ သူ၏ စကားတွင် မုသားများလည်း ပါဝင်နိုင်သည်။ စကားကောင်းခြင်းသည် သစ္စာတရားကို အရင်းတည်သည်။ တစ်ရံတစ်ခါတွင် နားဝင်မချိုသော်လည်း ကောင်းကျိုးလိုလားသော စိတ်၊ မေတ္တာစိတ်ပါဝင်သည်။ သူတော်ကောင်းများသည် ဟုတ်မှန်ပြီး အကျိုးရှိသော စကားများကိုသာ ပြောဆိုတတ်ပေသည်။ “စကားခြောက်ခွန်း၊ လူ၌ထွန်းလည်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်။” ဟု ဆိုရိုးစကားမှတ်သားဖူးသည်။
စကားပြော အင်္ဂါများနှင့် ပတ်သက်ပြီး
၁။ ရိုင်းစိုင်းမှုမပါပဲ ယဉ်ကျေးစွာပြောခြင်း
၂။ တရားနှင့်အညီပြောခြင်း
၃။ ချစ်စဖွယ်ချိုသာစွာပြောဆိုခြင်း
၄။ တည်ကြည်မှန်ကန်သော စကားကိုသာပြောဆိုခြင်း၊၊ အင်္ဂါလေးပါးရှိသည်ဟု သဂါထာဝဂ္ဂ ပါဠိ၊ သုဘာသိတသုတ်၊ နှာ ၁၉၁ တွင် လာရှိသည်။ အင်္ဂုတ္တိပါဠိတော်၊ ဝါစာသုတ်၌ မှန်ကန်စွာ ပြောဆိုရမည်။ အကျိုးရှိသော စကားကို ပြောဆိုရမည်၊ အချိန်အခါ ကြည့်ပြီး ပြောဆိုရမည်၊ ချိုသာယဉ်ကျေးစွာ ပြောဆိုရမည်၊ မေတ္တာစိတ်ဖြင့် ပြောဆိုရမည်ဟု ဖွင့်ဆိုထားသည်။
စကားပြောဆိုရာတွင် မှန်သော စကားဖြစ်ရန် အရေးကြီးသည်။ မှန်ကန်သော စကားကို ပြောဆိုမှသာ မိမိပြောသော စကားအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး မိမိစကားကို သူတစ်ပါးတို့က လေးစားကြပေမည်။ မှန်ကန်သောစကားဖြစ်သော်လည်း နားထောင်သောသူ အကျိုးရှိမှသာ ပြောဆိုသင့်ပေသည်။ မှန်ကန်သော စကားဖြစ်လင့်ကစား နားထောင်သူ ဒုက္ခရောက်နိုင်ပါက တိတ်ဆိတ်နေခြင်းက ပိုအကျိုးရှိမည်ဖြစ် သည်။ သာကီဝင်မင်းတို့ထံ အလည်လာသော ဝိဋဘ ပြန်သွားသောအခါ ဝိဋဘ ထိုင်ခဲ့သော ပလ္လင်ကို နို့ရည်နှင့် ဆေးသော ကျွန်မသည် “ဝိဋသည် ကျွန်မ၏ သားဖြစ်သည်” ဟု မဆင်မခြင်ပြောမိသော စကားကို ဝိဋကြားသော် အမျက်ထွက် ပြီး စစ်ချီသောကြောင့် သာကီမျိုးတို့ ပျက်စီးရသည်ကို သင်ခန်းစာယူပြီး မှန်ကန်သော် လည်း အကျိုးမရှိသောစကားကို မပြောသင့်ပါချေ။
မှန်ကန်၍ အကျိုးရှိသော စကားကိုပင် အချိန်အခါ ကြည့်ပြီး ပြောသင့် ပါသည်။ မြင်တိုင်းမပြောသင့်ပေ။ ပြောချိန်တန်မှ ပြောရသည်။ အချိန်ကိုစောင့်ရသည်။ အချိန်အခါမကြည့်ပဲ ပြောမိသောကြောင့် အသက်ပျောက်ရပုံကို ဇာတ်တော်တစ်ခုတွင် တွေ့နိုင်သည်။ ပုဏ္ဏားကြီးတစ်ဦးသည် ငယ်ရွယ်သော ဇနီးကို ပိုင်ဆိုင်ထား၏။ သားသမီးရတနာမထွန်းကားသောကြောင့် လူစကား ကောင်းစွာပြောတတ်သော ကြက်တူရွေးနှစ်ကောင်ကို သားအဖြစ် မွေးမြူထား၏။ ပုဏ္ဏားကြီးကိစ္စတစ်ခုဖြင့် အရပ်တစ်ပါးသွားချိန်တွင် ပုမလေးကို စိတ်မချသောကြောင့် ကြက်တူရွေး နှစ်ကောင်ကို သေချာစောင့်ကြည့်ဖို့မှာကြားထား၏။ ပုဏ္ဏမ ဖောက်ပြန်သောအခါ ကြက်တူရွေးအငယ်သည် အချိန်အခါမစောင့်ပဲ ပုဏ္ဏမကို ပြောမိ၏။ ပုဏ္ဏမသည် အသာအရာ အနားချော့ခေါ်ပြီး လည်လိမ်ချိုးကာ ပြာပူထဲနှစ်သတ်လေ၏။ ပုဏ္ဏားကြီး ပြန်လာချိန်ထိ မစောင့်နိုင်ပဲ အချိန်အခါမသိပြောမိသော ကြက်တူရွေး အငယ်သည် အသက်ပျောက်ရ၏။
စကားပြောဆိုသောအခါ ကြမ်းတမ်းသော စကားများ မပြောမိဖို့ ဆင်ခြင်သင့် | သည်။ သုဇာတာ ဇာတ်တော်၌ အသံဆိုး သောကြောင့် တစ်တီတူးငှက်ကို လူများ
မနှစ်သက်ပုံ၊ မည်းနက်ပြီး အဆင်းမလှသော်လည်း အသံသာယာသောကြောင့် ဥသြငှက် ကို လူတို့ချစ်ကြပုံတို့ကို ဖတ်ရှုမှတ်သားသင့်သည်။ စကားပြောသောအခါ မေတ္တာတရား ပါလျှင် စကားလုံးများကို မမြင်ရပေမည့် လူတို့၏ စိတ်က ခံစားသိရှိ နိုင်သည်။ မေတ္တာဓာတ်ပြည့်ဝသော စကားကို ပြောဆိုရန် သူတော်ကောင်းတို့ တိုက်တွန်းထားသည်။ ထို့ကြောင့် မဖြစ်မနေ စကားပြောဆိုကြရာဝယ် “မှန်ကန်ချိန်သိ၊ အကျိုးရှိ၊ ချိုဘမေတ္တာ၊ သုကထာ” ဟူသော ဆောင်ပုဒ်အတိုင်း ကောင်းသော စကား “သုကထာ” များ ပြောဆိုကြရန် တိုက်တွန်းရေးသားအပ်ပါသည်။ ။
သုထက်ပိုင်
အေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်ေ၀သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၁) မှ ကူးယူဖော်ပြထားပါသည်။
အေရှ့အိမ်ပုံနှိပ်တိုက်ထုတ်စာအုပ်များအားဝယ်ယူဖတ်ရှုလိုပါက အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များ (သို့မဟုတ်) အေရှ့အိမ်ုံနှိပ်တိုက်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။
Comments
Post a Comment