သားနှစ်ယောက်နှင့် ဘီလူးမပြိတ္တာ
ဝေလွင်မြင့်မောင်
ရှေးအခါကဖြစ်သည်။ သားငယ်နှစ်ယောက်ရှိသော ဘီလူးမပြိတ္တာ နံနက်မိုးလင်းသည်နှင့် ဆာလောင်မွတ်သိပ်မှုဖြစ်ကာ အစာရှာထွက်လျှင် ကောင်းမ ဟု ကြံစည်ကာ အစာရှာထွက်လာလေသည်။ သားငယ်ဘီလူး ကလေး နှစ်ယောက် လည်း ပါလာသည်။ အစာရေစာကလည်း မြို့ထဲတွင်ပင် ပေါပေါများများ ရနိုင်ပေရာ ဘီလူးမပြိတ္တာသည် သားငယ်များကို အနုရာဓမြို့တော် အနီးရှိ ထူပါရုံ စေတီတော် ကြီး၏ မုခ်ဝတွင် ခဏနေရစ်တော့ဟု ပြောကာ သူမက မြို့တွင်းသို့ ဝင်ရောက်လာ လေသည်။
သားငယ် နှစ်ယောက် သည် မိခင် ကို စောင့်မျှော်ရင်း မုခ်ဝတွင်နေစဉ် မြို့တွင်းသို့ ဆွမ်းခံကြွ လာသော ရဟန်းတော်တစ်ပါးကို မြင်လိုက်ရလေ သည်။
ဘီလူးသားငယ်များသည် မိခင်မြို့တွင်းသို့ ဝင်သွားချိန်ကြန့်ကြာနေသဖြင့် နဂိုကပင် ဆာလောင် မွတ်သိပ်နေရကား စိတ်မရှည်ဟန်ဖြင့်
“အရှင်ဘုရား-တပည့်တော်တို့ရဲ့ မိခင်ဟာ မြို့ထဲဝင်ပြီး အစာရှာသွားတာ ခုထိ မလာသေးပါ။ တပည့်တော်တို့လည်း ဆာလောင်လှပါပြီ။ ရသမျှ အစာကို ယူပြီး အမြန်လာပါတော့” ဟု ပြောပေးရန် ရဟန်းတော်ကို ပူဆာကြလေသည်။ ထိုအခါ ရဟန်းတော်က -
" သင်တို့က နာနာဘာဝေတွဖြစ်တယ် - သင်တို့ မိခင်ကို ငါဘယ်လိုနည်းနဲ့ မြင်ရမှာတုံး-"
ထိုအခါ ပြိတ္တာ ဘီလူးကလေးနှစ်ယောက်က-
"အရှင်ဘုရား -တပည့်တော်တို့မာ တန်ခိုးသတ္တိနှင့် ပြည့်စုံသော ဆေးမြစ်ရှိပါသည်။ ထိုဆေးမြစ်၏ အစွမ်းသတ္တိမှ မည်သည့် ရုပ်သဏ္ဌာန် ကွယ်ေပျာက်နေပါစေ။ မည်သည့်နာနာဘာဝမဆို မြင်ေတွ့နိုင်ပါသည် ဘုရား။ အရှင်ဘုရား ဤဆေးမြစ်ကို ယူဆောင်ပြီး တပည့်တော်တို့၏ မိခင်ကိုရှာေဖွပေးပါဘုရား"
ထို့နောက် ရဟန်းတော်သည် ဆေးမြစ်ကို ယူဆောင်ကာ မြို့တွင်းသို့ ဝင်ရောက် သည်နှင့် ဘီလူးပြိတ္တာမကို ရှာဖွေရလေသည်။ တစ်နေရာတွင် အမှိုက်ပုံတစ်ခု၌ အညစ်အကြေး အပုပ်အစပ်တို့ကို ပင်ပန်းကြီးစွာ ရှာဖွေမွှေနှောက်နေသော မိခင်ဘီလူး ပြိတ္တာမကို တွေ့ရလေတော့သည်။ ဘီလူးပြိတ္တာမကား လွန်စွာ ရုပ်ဆင်းသဏ္ဌာန် ကြောက်မက်ဆိုးရွားဖွယ် ကောင်းလှသည်။ အစွယ်ေငါငေါ ဆံပင်ဘုတ်သိုက်နှင့် မြင်လိုက်ရလျှင် တုန်လှုပ်ချောက်ချားသွားနိုင်သည်။
ရဟန်းတော်သည် ဘီလူးမပြိတ္တာကို မြင်လိုက်ရလေပြီ။ ထိုအခါ ဘီလူးမပြိတ္တာ “အရှင်ဘုရား အဘယ်နည်း အဘယ်ကြောင့် တပည့်တော်မကို မြင်ရပါ သလဲ” ဟု မေးလေသည်။ ရဟန်းတော်က ကိုင်ထားသော ဆေးမြစ်ကို ပြသကာ
“ဒီမှာ - သင့် ရဲ့ သားနှစ်ယောက်ပေးလိုက်တဲ့ဆေးမြစ်-ဒီဆေးမြစ်နဲ့ နာနာဘာဝတွေ အကုန်လုံးမြင်ရခြင်းဖြစ်ပေသည်။ ဤဆေးမြစ်အစွမ်းဖြင့် သင့်အား မြင်ရခြင်းသာဖြစ်သည်” ရဟန်းတော်၏ စကားဆုံးသည်နှင့် ဘီလူးမပြိတ္တာသည် မည်သည့် စကားမျှ ခွန်းတုံ့မပြန်တော့ဘဲ ရဟန်းတော်၏ လက်မှ ဆေးမြစ်ကို ဆတ်ခနဲ လုယူကာ ကလေးများဆီသို့ ထွက်ပြေးလွတ်မြောက်သွားသည်။ ။
ဝေလွင်မြင့်မောင်
မှတ်ချက်။ ။
နာနာဘာဝ ပရလောကသားတို့မှာ ကမ္မဇဒ္ဓိတန်ခိုးရှိကြသည်။ အချို့က ကိုယ်ပျောက်ဦးထုပ်ဆောင်းကြသည်။ အချို့က ဆေးမြစ်ဆောင်ကြသည်။ ထိုအရာတို့ကို လက်ကိုင်ပြုမှသာ ကိုယ်ပျောက်သည်ဟု ကျမ်းဂန်များက ဆိုကြသည်။
Comments
Post a Comment