Skip to main content

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်



ရတနသုတ်တော် ၀တ္ထုဖြစ်စဉ် 
     ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။
     အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။
       ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။ 
        ထိုအခါ တိုင်းသူပြည်သားများက လိစ္ဆဝီမင်းများ
မင်းကျင့်တရား ညီ, မညီ နှင့် လိစ္ဆဝီမင်းများက တိုင်းသူ ပြည်သူသားများ ကိုယ်ကျင့်တရား ဖောက်ပြားခြင်းရှိမရှိ အပြန်အလှန် စစ်ဆေးကြရာ ဖောက်ပြား မှားယွင်းမှုများ မရှိသည်ကို တွေ့ရလေ၏။ တိုင်းသူ ပြည်သား လူအများ၏ မကောင်းကံအစုကို ငြိမ်းအေးစေရန် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီးထံမှ တဆင့် အကူအညီတောင်းခံကာ ခပ်သိမ်းသော တရားတို့ကို ပါရမီဉာဏ်ဖြင့် ထိုးထွင်း သိတော်မူသော ဂေါတမမြတ်စွာဘုရားအား မဟာကရုဏာ ရှေ့ထားကာ ကြင်နာသနားသဖြင့် ကယ်ဆယ်တော်မူပေးပါရန် တောင်းပန် ပင့်ဖိတ် လျှောက်ထားလေကုန်၏။ မြတ်စွာဘုရား သည် ဘေးကြီးသုံးပါး ငြိမ်းအေးခြင်းကိုလည်းကောင်း၊ ရှစ်သောင်းလေး ထောင်သော သတ္တဝါများ အကျွတ်တရားရမည် ကိုလည်းကောင်း၊ စကြဝဠာ ကုဋေတစ်သိန်းတိုင်အောင် ရတနာသုတ်၏ အာနုဘော် ပျံ့နှံ့မည်ကိုလည်းကောင်း၊ သိတော်မူ၍ ညီတော် အာနန္ဒာနှင့်တကွ ရဟန္တာငါးရာ ခြံရံလျက် ဝေသာလီပြည်သို့ ကြွချီတော်မူလေသည်။ 
     ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် ဗိမ္ဗိသာရမင်းကြီးက ကျောင်းတော်မှ ဂင်္ဂါမြစ်ကမ်းထိ ငါးယူဇနာ အကွာခရီးကို ပြုပြင်ပြီး ကိုယ်တော်၌ ထီးဖြူနှစ်စင်း၊ သံဃာတော် ထီးဖြူတစ်စင်းစီနှင့်အတူ မင်းကြီးသည် မောင်းမမိဿ မှုးမတ်နှင့်တကွ ဝန်းရံ ကြပ်မတ်လျက် ဝေသာလီပြည်သို့ဘုရားရှင် ကြွချီနိုင်ရန် မင်းခမ်းမင်းနားဖြင့် ပို့ဆောင် ပူဇော်လေသည်။
     လှပစွာ မွမ်းမံ စီခြယ်ထားသော လှေတော်ကြီး ၂-စင်း ဂင်္ဂါမြစ်ကြောင်းအတိုင်း လာနေသောအခါ ဝေသာလီမင်းတို့က ဝေသာလီပြည်နှင့် မြစ်ဆိပ်မှအကြား သုံးယူဇနာအရပ်ကို ပြင်ဆင်ပြီး မြစ်ဆိပ်မှ မင်းခမ်းမင်းနားဖြင့် ဘုရားရှင်နှင့်တကွ ရဟန္တာငါးရာတို့ ထည်ဝါခန့်ညားစွာ ပင့်ဆောင်ကြသည်။
    ဝေသာလီပြည်သို့ မြတ်စွာဘုရားရှင် ခြေဖဝါးချသည်နှင့် တစ်ပြိုင်နက် မိုးနတ်သားတို့သည် မိုးသားတိမ်လိပ်များ တရိပ်ရိပ် တက်စေကာ ကောင်းကင်တပြင်လုံး မိုးကြီး ထစ်ချုန်းလျက် ပေါက္ခရဝဿမိုးကြီး သည်းထန်စွာ ရွာချပြီး အလိုရှိသူတို့ကိုသာ စိုစေ၍ အလိုရှိသည့် အရပ်များ၌သာ ရေတို့ဖြင့် ဖုံးလွှမ်း စေကုန်သည်။
    မိုးရေကြောင့် ဝေသာလီ တစ်ပြည်လုံး ရေလွှမ်းဖုံးပြီး လူသေ အလောင်းကောင်များသည် ရေထဲ မျောပါသွားကြ တော့သဖြင့် မြို့အတွင်း သန့်ရှင်း၍ အနံ့အသက်များပါ ကင်းရှင်းသွားလေတော့၏။
     ဘုရားကိုယ်တော်မြတ်သည် ဝေသာလီပြည်၏အလယ် တင့်တယ်သော မဏ္ဍပ်သို့ ရောက်သောအခါ ကောင်းကင်သည် ကြည်လင်၍ စတုမဟာရာဇ် နတ်မင်း၊ သိကြားမင်းတို့သည် နတ်အခြွေအရံများဖြင့် ခစားလာကြကုန်သဖြင့် နတ်မိစ္ဆာ ဘီလူးတို့သည် ရှောင်ရှား ထွက်ပြေးကြကုန်၏။
     ဘုရားရှင်သည် အရှင်အာနန္ဒာကို ဝေသာလီတံခါး မှပင်လျှင် ရတနသုတ် ဒေသနာတော်ကို ကောင်း သင်ကြားပေးပြီး သုံးထပ်အဝန်းရှိသော မြို့တွင်းရှိ လမ်း လမ်းစများ မကျန် လှည့်ပတ်၍ မြတ်စွာဘုရား၏ သုံးတော်မူ သော သပိတ်အတွင်း ပရိတ်ရေတို့ကို ဖြည့်တင်း ပက်ဖြန်းစေပြီး ရတနသုတ်တော်ကို ရွတ်ဖတ်စေတော်မူရာ သူနာအပေါင်းတို့ ကောင်းစွာ သန့်စင်ကြကုန်ပြီး ပုန်းလျှိုး နေသော သရဲ၊ တစ္ဆေ မြေဘုတ်ဘီလူးတို့သည် မြို့တွင်းမှ ထွက်ပြေးကြကုန်၏။ မြတ်စွာဘုရားသည် ဝေသာလီမြို့တွင်း ပတ်၍ ဒေသစာရီ ကြွချီပြီး မြို့လယ် မဏ္ဍပ်၌ စမ္ပယ်တော်မူကာ စုဝေးရောက်ရှိ လာကုန်သော ဝေသာလီ ပရိသတ်နှင့် နတ် ဗြဟ္မာ အရပ်ရပ် အား ရတနသုတ်တရားတော်ကို ဟောကြားပြသခြင်းကြောင့် ရှစ်သောင်းလေးထောင်သော သတ္တဝါတို့သည် လောကုတ္တရာ တရားကို ထင်ရှား သိမြင်ကုန်ကြသည်။ ရတနသုတ်တော်ကို ရွတ်ဖတ်ပါက ငတ်မွတ် ခေါင်းပါးမှု ကင်းဝေးခြင်း၊ ရောဂါကင်း ခြင်း၊ အသက်ဘေးကင်းဝေးခြင်း၊ နာ ခြင်း စသော အကျိုးများ ရနိုင်ပါသည်။


                                         ​မေတ္တသုတ်​တော် ဝတ္ထုဖြစ်စဥ်>>

ဝယ်ယူဖတ်ရှုလိုပါက ၀၉ ၇၇၄၇၇၈၈၅၅ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်ခင်ဗျာ။





အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ ရတနသုတ်​တော် စာအုပ်မှ ကူးယူ​ဖော်ပြထားပါသည်။

အ​​​ေရှ့အိမ်ပုံနှိပ်တိုက်ထုတ်စာအုပ်များအားဝယ်ယူဖတ်ရှုလိုပါက အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များ (သို့မဟုတ်) အ​​ေရှ့အိမ်ုံနှိပ်တိုက်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။




Comments